မန္တလေးတောင်ပေါ်က နှစ်ပေါင်း (၁၂၀) နီးပါး ရှိပြီဖြစ်တဲ့ မြွေကြီးနှစ်ကောင်ရဲ့ တကယ့်သမိုင်းကြောင်း
ဇာတ်လမ်းအစ တခုသောမနက်ခင်းတခု ဘယ်က ရောက်လို့ ရောက်မှန်းမသိ ရောက်နေတဲ့ စပါးအုံးမြွေကြီးနှစ်ကောင်ကြောင့် မြောက်ပြင် လင်းဇင်းရပ်က ပန်းပဲလည်းလုပ်တယ် ဆေးလည်းကုတယ်ဆိုတဲ့ ဦးဘေတို့အိမ်မှာ ဆူညံပွက်လောတွေရိုက်နေတယ် ။အဲ့ဒီမြောက်ပြင်လင်းဇင်းရပ်ဆိုတာက ရှေးဘုရင်ခေတ်က ဘုရင့်လှေတော်သားတွေ နေတာ။ မြွေကြီးနှစ်ကောင်က ဦးဘေအိမ်ကို ညတည်းက ရောက်နေပုံပဲလို့ တတ်သိ နားလည်သူတွေက ပြောကြတယ်။ ဒါကို မနက်လင်းမှ သိရတာဆိုတော့ ဦးဘေတို့ တအိမ်လုံးက သတိအရာမှာ တော်တော်ကောင်းကြတယ်လို့ ပြောလို့ရတယ်။ မြွေဟောက်တွေသာဆို ဦးဘေတို့ မလွယ်ဘူး ။ သွားပြီ ။
အဲ့ဒီ စပါးအုံးမြွေကြီးတွေက “လမ်းကြုံလို့ ဝင်လည်တယ် ဘေရယ်” မဟုတ်ပဲ “ပျော်သလောက်နေမယ် ကျသလောက်ရှင်းမယ်” ဆိုတဲ့ မြွေဘောစိတွေထင်တယ်။ ဦးဘေ အိမ်မှာ ခွေနေတာ တုတ်တုတ်တောင် မလှုပ်ဘူးဆိုပဲ။ ဦးဘေ တယောက် ဆေးပဲကုတတ်တာ ပန်းပဲ ပဲ ထုတတ်တာ ။ ဒီမြွေတွေ သူဘာလုပ်ရမှန်းမသိဘူး ။ ခေါင်းကုတ် ဖင်ကုတ်နဲ့ သူအကြံထုတ်နေပြီ။
“ဦးလုံးရှိတယ်လေ ဆရာဘေ”လို့ ဘေးကပြောမှ ဦးလုံးကို သွားသတိရတယ်။ ဟုတ်တယ် ဦးလုံး ရှိတယ် ။ ဦးလုံးဆိုတာ စစ်သားဟောင်းကြီး တောထဲတောင်ထဲ စစ်တိုက်သွားရင်း ဘယ်ဒေသက မြွေဆေးကောင်းရထားလဲမသိဘူး။ မြွေတွေဆိုတာ သူရှေ့ဆို ခွေနေတာပဲတဲ့ ။ မြွေ, ပါဆို ခွေမှာပေါ့ ဘယ်မြွေက လမ်းလျောက်လို့လဲ ငါလည်း ဘာတွေရေးမိမှန်း မသိဘူး ။ဦးလုံးရောက်လာတယ် ။ ဦးလုံး မြွေကို တွေ့တယ် ။ ဦးလုံး မြွေကို ကိုင်တယ် ။ ပါးစပ်က ဒီလိုပြောတယ် ။ ” ဆရာဘေ သူတို့က လူကို ရန်မပြုတတ်ပါဘူး မြွေကောင်းကြီးတွေပါ ကျနော်ယူသွားပါမယ်” ဆိုပြီး ပြောပြောဆိုဆို ဒါက စပါးကြီးမြွေ အထီး ဒါကြီး စပါးကြီးမြွေ အမဆိုပီး အေးဆေးတောင် ဂျန်ဒါ ခွဲပြသေးတယ် ။ ဦးလုံးကသာ အေးဆေး ဆရာဘေတို့ ဘေးအိမ်က အပျိုကြီးဒေါ်ပြားကပြဲနေပီ ။ အော်တာပြောပါတယ် ။ အူယားလို့ ။
ယောကျာ်းတံခွန် ဦးလုံးတို့ကတော့ အေးဆေးပဲ ။ “အချိန်နဲ့ ဒီရေ သည် လူကို မစောင့်တို့ ” “လေးလံသော ပိုက်ဆံအိတ်သည် လူ့နှလုံးသားကို ရွှင်လန်းပေါ့ပါးစေသည် ” ဆိုတဲ့ သိုးဆောင်းစကားပုံတွေအတိုင်း မြွေကြီးနှစ်ကောင် လက်ထဲရောက်တာနဲ့ လူစည်းတဲ့ မြောက်ပြင် မီးပါဈေးတို့ ဘုရားပွဲတွေတို့မှာ လခွင်းခြမ်း တရှဲရှဲတို့ပီး မြွေပြစားနေတယ် ။
တခုသောညနေ နေကပူတယ်။ ဦးလုံးတယောက် မြွေပြပြီးတော့ ခမောက်ကို အသာချွတ်လို့ ယပ်ခတ်နေတယ် ။ ဘေးနား လူတယောက်လာရပ်တယ်လို့ ခံစားမိတယ်။ ဖျတ်ခနဲ လှည့်ကြည့်မိတော့ လူမဟုတ်ဘူး ဘုန်းကြီးတပါးဖြစ်နေတယ်။ ဘုန်းကြီးက ဦးနန္ဒိယလို့ သူကိုယ်သူ မိတ်ဆက်တယ် ။ဦးနန္ဒိယဆို ဦးလုံးသိတယ် ။ မန်းလေးတောင် ဗျာဒိတ်ပေးကိုယ်တော်ကြီး ၁၂၅၅ ခုနှစ် မန်းလေးမီးကြီးမှာ မီးခထားတာကို အသစ်ပြန်ထုရာမှာ ဦးစီးပါဝင်ပြီး အလောင်းဘုရားဝင်စားတာလို့ သတင်းကြီးနေတဲ့ ကိုယ်တော် ။ ဦးလုံး အလိုလိုလက်အုပ်ချီမိသား ဖြစ်သွားပီ ။ နှုတ်ကလည်း အလိုရှိရာ လျောက်ပါဘုရားပေါ့။
အခု မန်းလေးတောင်ခြေမှာ ဗျာဒိတ်ပေးကိုယ်တော်ကြီးအသစ်ပြန်ထုနေတယ် အဲ့ဒီနားမှာ မြွေကြီးတွေထားချင်တယ် ။ ဘုရားထုသူတွေလည်း အပျင်းပြေမယ် ။ ဘုရားဖူး လာသူတွေလည်း အပန်းပြေမယ် ။ ဒီမြွေကြီးနှစ်ကောင်ကို ဆရာတော်အလှုခံပါတယ် ။ မြွေဆရာဒကာ လှုနိင်မလားဆိုပြီး မိန့်တယ် ။ဦးလုံးစဉ်းစားတယ်။ ဒီမြွေကြီးတွေနဲ့ ငါ နှစ်ရာ၊ သုံးရာလည်း စီပြီ ။ (မြန်မာသက္ကရာဇ် ၁၂၆၆ မှာ နှစ်ရာ၊ သုံးရာဆိုတာ နည်းတဲ့ငွေ မဟုတ်ပါ) ပြီးတော့ သတင်းကြီးနေတဲ့ဆရာတော်ကိုယ်တိုင် အလှုခံတာ ငါမငြင်းနိင်ပါ ။ ဂုဏ်ယူပါတယ် သားနဲ့သမီးရေ ဆိုပြီး ဦးနန္ဒိယဆီကို မြွေကြီးတွေကျေနပ်စွာလှုတယ်။ဆရာတော်က မြွေကြီးတွေ လက်ထဲရောက်လာတော့ ဆင်းတုတော်ကြီးထုနေတဲ့ မနီးမဝေး မန္တလေးတောင်အတက်က ခြင်္သေ့ကြီးနှစ်ကောင်နားမှာ ထားတယ် ။ ဘုရားဖူးတွေလာတော့ မြွေကြီးတွေတွေ့တယ် “ဟ ဒီမြွေကြီးတွေက သွားလည်းမသွားဘူး ဒီနားပဲနေတာဟ ဘုရားမြွေတွေနေမယ်။ အကြီးလည်း အကြီးကြီးတွေဆိုပြီး တဆင့်စကား တဆင့်နားနဲ့ မြွေကြီးနှစ်ကောင် ဆယ်လီ ထဖြစ်ပြီ။မြွေကြီးနှစ်ကောင်ကို ကြည့်ဖို့ လာကြတာနဲ့ ကြိတ်ကြိတ်တိုး ။ သိတဲ့အတိုင်း တို့လူမျိုးက လမ်းသွားရင်း မြွေ, လမ်းဖြတ်ကူးတာတွေ့တောင် ဆွေတော်မျိူးတော်တွေ ကျန်းမာပါစေ ဆိုပြီး ဆုတောင်းပေးကြတာမျိုး ။ မြွေတို့ နဂါးတို့ဆိုတာ တို့တွေ သည်းခြေကြိုက် ။ ကြက်ပျံရင်တောင် ပြုတ်မကျအောင် စည်ကားသိုက်မြိုက် မန္တလေးတောင်တဝိုက် ဖြစ်ကုန်တယ်။
“စခန်းမဝေးပေါင် မန္တလေးတောင် မြွေကြီးနှစ်ကောင် သွားလို့ကြည့်ရအောင်” ဆိုတဲ့ သီချင်းကလည်း ကလေးတွေ ပါးစပ်ဖျားမှာလည်း တကြော်ကြော်ပေါ့ ။ ကလေးတွေ ကြိုက်ရင် သူအမေတွေကြိုက်တယ် ။ အမေတွေကြိုက်ရင် အဖေတွေပါ အော်တိုကြိုက်ရော ။ အဲ့ဒီခေတ် အဲ့သီချင်း တအုန်းအုန်း ပေါက်ချက်က ဖြတ်သွားတဲ့ ခွေး ဂဲနဲ့ထုတောင် စခန်းမဝေးပေါင် မန္တလေးတောင် မြွေကြီးနစ်ကောင် သွားလို့ကြည့်ရအောင်လို့ အော်တယ်ဆိုပဲ။မြွေကြီးနှစ်ကောင်က ဘုရားဒါယိကာ ဒါယိကာမဆိုပြီး အိပ်မက်တွေ မက်တဲ့သူတွေက မက်ကြ။ မြွေကြီးတွေက နေ့ဖက်သာ အိပ်နေတာ ညဖက်ဆို ဆင်းတုတော်ကြီးကို သွားဖူးတာ ဆိုတဲ့ ပါးစပ်စကားတွေကလည်း မိုးပေါ်လေပေါ်ထိ ပျံ့နှံ့ နဲ့ ဘုရားထုသူတွေလည်း အပျင်းပြေကြ ဘုရားဖူးတွေလည်း စည်ကားနဲ့ သူတို့ကို ပြုံးပြုံးကြီး ပီတိဖြစ်စွာကြည့်နေသူတွေက ဘုန်းကြီးဦးနန္ဒိယနဲ့ မြွေဆရာ ဦးလုံး။
ဒီလိုနဲ့ တနှစ်နဲ့ရှစ်လအကြာ ရန်ကင်းတောင်ခြေအနားမှာ ဘုန်းကြီးတပါး လက်ထဲမှာလည်းမြွေကြီးနှစ်ကောင်ကို ပွေ့ထားလို့ နှုတ်က ” ဘုရားကြီးလည်း ထုဆစ်လို့ပြီးပါပြီ ဘုရားဒကာနဲ့ ဘုရားအမတို့ သွားလိုရာ သွားကြပါတော့ ” ဆိုပြီး ဆုတွေ ဘာတွေတောင်းပြီး လွှတ်ပေးလိုက်တာ မြွေကြီးနှစ်ကောင်က လျောကနဲဆင်းပြီး တောထဲကိုဝင် တွင်းကြီးတတွင်းထဲ ဆင်းသွားတာ လူတွေနဲ့ ဘယ်တော့မှ ပြန်မတွေ့တော့ဘူးတဲ့။ဒီမြွေကြီးနှစ်ကောင် ဖြစ်စဉ်က ရသေ့ကြီး ဦးခန္တီထက်စောပါတယ်။ ရသေ့ကြီး ဦးခန္တီရောက်လာတော့ ပါးစပ် စကားတွေအရ ဒီသမိုင်းကို သိတော့ မြွေကြီးနှစ်ကောင်ကို သံဖြင့်သွန်းပြီးထားပါတယ်။ ဒါပေမယ့် ရသေ့ကြီးက စပါးအုံးတွေအစား မြွေဟောက်ကြီးတွေအဖြစ် သွန်းခဲ့ပါတယ်။ သုံးနေရာလောက် နေရာရွေ့ပြီးမှ ယခုတည်နေရာ ဆုတောင်းပြည့်ဘုရားအောက်ဖက်က ဘုရားမြောက်ဖက်ကို နေရာ အတည်တကျ ထားလိုက်တာ ဖြစ်ပါကြောင်း။ crd
Leave a Reply