အပင်အတွက်… နွားချေးကို ဘယ်လိုမျိုး အသုံးပြုရင် အကောင်းဆုံးလဲ

အပင်အတွက်… နွားချေးကို ဘယ်လိုမျိုး အသုံးပြုရင် အကောင်းဆုံးလဲ

သဘာဝမြေဩဇာ တစ်မျိုးဖြစ်တဲ့ တိရစ္ဆာန်အညစ်အကြေးကို သုံးခြင်းက အပင်တွေအတွက် အာဟာရဓာတ်ကြွယ်ဝပြီး မြေဆီလွှာ အစိုဓာတ်ကိုလည်း ထိန်းပေးပါတယ်။
တိရစ္ဆာန်အမျိုးအစား၊ အသက်အရွယ်၊ စားသုံးတဲ့ အစားအစာ၊ မြေဩဇာကို ဘယ်လိုပုံစံ သိမ်းဆည်းလဲတို့ပေါ် မူတည်ပြီး အာဟာရဓာတ်တွေက ကွဲပြားနိုင်သလို မြေဆွေး၊ အစို၊ အခြောက်ကို သုံးခြင်းကြောင့်လည်း အာနိသင်ကကွဲပြားပါတယ်။ နွားချေးက နိုက်ထရိုဂျင်ဓာတ် အများကြီးပါပြီး အရွက်ကို အားဖြည့်ပေးပါတယ်။ နွားချေးကို အစို/အ‌ခြောက် သုံးတာထက် ရေနဲ့ နှပ်တာတို့ မြေဆွေးနဲ့ ရောပြီး သုံးတာတို့ကပိုပြီး ထိရောက်ပါတယ်။ အကောင်းဆုံးကတော့ စနစ်တကျ သိုလှောင်ပြီး ဆွေးမြေ့ထားတဲ့ နွားချေးမြေဆွေးကို အသုံးပြုခြင်းပါပဲ။

နွားချေး အစိုသုံးရင် ဘာဖြစ်နိုင်လဲ…?

သဘာဝမြေဩဇာ သုံးမယ်‌ဆိုရင် နွားချေးကို အစိုအတိုင်း အသုံးမပြုသင့်ပါဘူး။ နွားချေးအစို သုံးရင် နိုက်ထရိုဂျင်များလို့ အလွန် ပူ‌တာကြောင့် အမြစ်ကို အပူလောင်စေပြီး ရောဂါတွေ ဖြစ်စေပါတယ်။အပင်ကလည်း တိုက်ရိုက်မစားသုံးနိုင်သလို ဆွေးဖို့ အချိန်ကြာတဲ့အပြင် အရွက်ဝါတာတွေ ဖြစ်စေပြီး အပင်ကိုပါ သေစေနိုင်ပါတယ်။ ဆွေးနေတဲ့ အချိန်မှာ ဘက်တီးရီးယားတွေကရေကတဆင့်(ရေသွင်းတာ၊ မိုး‌ရွာတာ) ပြန့်ပွားပြီး အနံ့ဆိုးတွေကြောင့် မြေအောက်ရေကိုပါ ညစ်ညမ်းစေပါတယ်။ တိရစ္ဆာန် အညစ်အကြေး မြေဩဇာတွေမှာ ပေါင်းမျိုးစေ့တွေလည်း ပါဝင်တာကြောင့် ပေါင်းမြက်တွေ ပွားနိုင်ပါတယ်။လောင်ကျွမ်းစေတဲ့ အမိုးနီးယားနဲ့ ဆားပါဝင်မှု များတာကြောင့် အပင်ကို ထိခိုက်စေတဲ့အပြင် လူတွေကို အန္တာရယ်ဖြစ်စေတဲ့ ဆယ်လ်မိုနီလာ(Salmonella)၊ အီကိုလီ(E, coli) တို့လို ရောဂါပိုးမွှားတွေလည်း ပါဝင်ပါတယ်။


ရောဂါပိုးမွှားတွေကြောင့် ထွက်တဲ့ သီးနှံကလည်း အရည်အသွေး မပြည့်မှီဘဲ စားသုံးသူတွေအတွက်ပါ အန္တရာယ် ဖြစ်စေပါတယ်။ နွားချေးအစိုက အပင်နဲ့ မြေဆီလွှာပါမက လူ့ကျန်းမာရေးနဲ့ ပတ်ဝန်းကျင်ကိုပါ ထိခိုက်စေတဲ့ အထိပါပဲ။

နွားချေး အခြောက်သုံးရင်ရော ဘာဖြစ်နိုင်လဲ…?

နွားချေးအခြောက်က ရေဓာတ် ၇၆ ရာခိုင်နှုန်းအထိ ပါဝင်ပြီး ‌နွားချေးအစိုထက် ပိုပြီး သိပ်သည်းပါတယ်။ (၆)လအောက်သာ ရှိပြီး မြေဆွေးလည်း မဖြစ်သေးပါဘူး။ နွားချေးအခြောက်ကို သုံးတာက အပင်ရော မြေဆီလွှာအတွက်ပါ ကောင်းတယ်ဆိုပေမဲ့သူ့မှာလည်း အန္တရာယ်ဖြစ်စေတဲ့ ရောဂါပိုးမွှားတွေနဲ့ ပေါင်းမျိုးစေ့တွေ ပါဝင်ပါတယ်။ မြေဩဇာက အပင်အတွက် အာဟာရဓာတ် လွန်ကဲတာတို့ မမျှတတာတို့ကြောင့် သီးနှံတိုင်းအတွက်လည်း မသင့်လျော်ပါဘူး။ကောင်းစွာ မဆွေးမြေ့ရသေးတဲ့အတွက် နွားချေးမှာပါတဲ့ ဘက်တီးရီးယားတွေကြောင့် စားသုံးသူတွေကို ထိခိုက်စေတဲ့အပြင် ရေ‌‌စီးဆင်းမှုကနေ ပိုးမွှား‌တွေကြောင့် မြေအောက်ရေအထိပါ ညစ်ညမ်းသွားစေပါတယ်။

ဒီရာသီမှာ နွားချေးအခြောက် ထည့်ဖြူးထားရင် အာဟာရရှိမှုက နောက်ရာသီမှသာ သက်ရောက်တာမျိုး ဖြစ်ပါတယ်။ နွားချေးအခြောက်ကို အပင်က ချက်ချင်း မစားသုံးနိုင်တာမို့ ပမာဏများများ သုံးရတဲ့အတွက် ကုန်ကျစရိတ်လည်း များပါတယ်။ဒါကြောင့် တိရစ္ဆာန်အညစ်အကြေး မြေဩဇာကို မသုံးခင် ရောဂါပိုးမွှားနဲ့ ပေါင်းမျိုးစေ့တွေ သေစေဖို့ မြေဆွေးပြုလုပ်ပြီးမှ သုံးတာက အကောင်းဆုံးပါပဲ။

နွားချေးမြေဆွေး ပြုလုပ်ပြီး သုံးရင် ဘာဖြစ်နိုင်လဲ…?

နွားချေးမြေဆွေးဆိုတာ ကောက်ရိုး၊ စပါးခွံ၊ မြက်ခြောက်၊ သစ်ရွက်၊ သီးနှံရိုးခြောက်တွေနဲ့ နွားရဲ့ အညစ်အကြေးတို့ကို ရောနှောပြီး စနစ်တကျ သိုလှောင်ထားတဲ့ သဘာဝမြေဆွေး မြေဩဇာ တစ်မျိုးပဲ ဖြစ်ပါတယ်။ဆွေးမြေ့ဖို့ ကြာချိန်ကတော့ အသုံးပြုတဲ့ နည်းလမ်းပေါ် မူတည်ပြီး နှစ်ပတ်ကနေ (၃)လမှ (၆)လ အထိလည်း ကြာမြင့်ပါတယ်။ နွားချေးမြေဩဇာမှာ နိုက်ထရိုဂျင်၊ ကာဘွန်အော်ဂဲနစ်၊ ဆာလဖာ၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်၊ ကယ်ဆီယမ်၊ ဖော့စဖော့ရပ်တို့ ပါဝင်ပြီး
မြေဆီလွှာကို အကျိုးပြုတဲ့ အဏုဇီဝသက်ရှိတွေနဲ့ အော်ဂဲနစ်ဒြပ်ဝတ္ထုတွေကိုလည်း ပံ့ပိုးပေးလို့ မြေဆီလွှာကို ပိုမို ကောင်းမွန်စေပါတယ်။ အစိုဓာတ်ထိန်းပေးတာ၊ လေဝင်လေထွက်ကောင်းတာ၊ အပူအအေးမျှတစေပြီး အာဟာရဓာတ်တွေကိုလည်းကာလရှည်ကြာ တစိမ့်စိမ့် ထုတ်ပေးပါတယ်။ မြေ‌ဆွေးမြေဩဇာက အပင်ရောဂါကျမှုကို လျှော့ချပေးပြီး ပေါင်းမြက်တွေကို ကာကွယ်ပေးတဲ့အပြင် မြေဆီလွှာကိုလည်း ရေရှည် ထိန်းသိမ်းပေးပါတယ်။

နွားချေးမြေဆွေးက ဆွေးမြေ့ဖို့အတွက်သာ အချိန်ပေးရတာဖြစ်ပြီး ကုန်ကျစရိတ်လည်း သက်သာပါတယ်။ နွားချေးမြေဆွေး သုံးခြင်းရဲ့ အကျိုးရလဒ်က အပင်ကိုရော မြေဆီလွှာအတွက်ပါ အာဟာရဓာတ်ကို ရေရှည် ထောက်ပံ့ပေးတာဖြစ်ပါတယ်။တောင်သူများအားလုံး သီးနှံများ ဖြစ်ထွန်းကြပါစေ။
ခရက်ဒစ်လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *