ဘိလပ်မြေဆိုတာ မပေါ်မီ… မြန်မာတွေ အင်္ဂတေကို ဘယ်လို ဖော်စပ်အသုံးပြုခဲ့ကြသလဲ…?

ဘိလပ်မြေဆိုတာ မပေါ်မီ… မြန်မာတွေ အင်္ဂတေကို ဘယ်လို ဖော်စပ်အသုံးပြုခဲ့ကြသလဲ…?

ဘိလပ်မြေ မပေါ်ပေါက်မီ ကမ္ဘာတစ်ဝှမ်းလုံး ထုံး၊ အင်္ဂတေကို သုံးစွဲခဲ့ကြစဉ်က မြန်မာနိုင်ငံတွင်လည်း မြန်မာ့ရိုးရာ အင်္ဂတေကို မြန်မာ့နည်း မြန်မာ့ဟန်ဖြင့် ဖော်စပ်သုံးစွဲခဲ့ကြပါတယ်။ပုဂံခေတ်အင်္ဂတေစပ်နည်းကတော့… အုံတုံအပင်က အခေါက်ကိုခွာပြီးကြိုရတဲ့ အရည်ငါးဆ ကျွဲကော်ရည် (ကျွဲသားရေ နွားသားရေ ကြိုပြီးရတဲ့အရည်) ခြောက်ဆ၊ ဥသျှစ်သီးမှရတဲ့ အစေးတစ်ဆ၊ တင်လဲရည်နှစ်ဆ တို့နဲ့ ထုံးနဲ့သဲ ဆတူစပ်ပြီး အင်္ဂတေကို ပြုလုပ်ကြပါတယ်။

နောက်တစ်နည်းက… ကျွဲကော်၊ ရေ၊ အုံတုံ၊ ဥသျှစ်၊ နွားနို့အသစ်၊ လက်ပံရေ၊ ကောက်ညှင်း၊ ထမင်းနယ် ပျားရည် ရှားစောင်း သဖန်းခါး လက်ပံသီးကရတဲ့ လဲဝါချဉ်ရည် စတဲ့ အရာတွေနဲ့လည်း အင်္ဂတေစပ်ပါတယ်။နောက် တနည်းက… ကျွဲကော်ရည် အုံတုံ၊ ဥသျှစ်၊ နွားနို့ လက်ပံတရော်၊ ကောက်ညှင်း၊ ထမနဲပျားရည်၊ တင်လဲဖုတ်‌ခြောက်ချင်ရွေးရှားစောင်း၊ သဖန်းခါးလက်ဝါ စတဲ့ဆယ်မျိုးကို ဆယ့်နှစ်ခါပြန်ထောင်းပြီး ပြုလုပ်ပါတယ်။

“ အုံတုံသတ္တ၊ နဝကျွဲကော်၊ ဒွေးနော်တင်လဲ ၊ အုတ်သျှစ်ခွဲနှင့် လဲဝါတစ်ဆုတ်၊ ဆီတစ်မှုတ်ကို မယုတ်စုပေါင်း ညက်စွာထောင်းတော့ ဥသျှစ်ဧကေး၊ တင်လဲဒွေးနှင့် အုံတုံပဉ္စ၊ ကျွဲကော်ဆ မှတ်ကြ အင်္ဂတေ ”အထက်ဖော်ပြပါအလင်္ကာသည် အင်္ဂတေဖော်စပ်နည်း သံပေါက်များမှာ များစွာသော ဖော်စပ်နည်း များမှ ထုတ်နှုတ်တင်ပြခြင်းသာဖြစ်ပါသည်။

ကမ္ဘာကျော် ရွှေတိဂုံစေတီတော်ကြီး တည်ရာမှာ အသုံးပြုခဲ့တဲ့ အင်္ဂတေစပ်နည်းကတော့… ကြဇုသီးတစ်ဆ၊ တင်လဲနှစ်ဆ၊ ဥသျှစ်သုံးဆ၊ ကျွဲကော်ရည်ခြောက်ဆ၊ အုံတုံဆယ့်နှစ်ဆကို ရောပြီး ကော်ရည် ကိုစပ်ပါတယ်။ရလာတဲ့ကော်ရည်ကိုအချိုးညီတဲ့ (ဆတူ) သဲနဲ့ထုံးတို့ရောစပ်ပြီး မောင်းနဲ့ တခါ ထောင်း… အဲ့ဒီမှာ အင်္ဂတေရပါတယ်”

အဲ့ဒီမယ် ကြဇုသီးကိုသုံးတာက ထုံးသည် အုတ်ကို စားခြင်းကနေ ကာကွယ်ဖို့၊ တင်လဲ ကြတော့အင်္ဂတေကို မာစေဖို့၊ ဥသျှစ်ကြတော့ ခိုင်ခံ့ပြီးအရောင်ကောင်းစေဖို့ ဖြစ်ပါတယ်။မြန်မာ့ အင်္ဂတေသည်လည်း အခြားကမ္ဘာ့နိုင်ငံအသီးသီးတွင် သုံးစွဲကြသည့် Lime Motor များနည်းတူ ထုံးနှင့်သဲကိုပင် အခြေခံပါသည်။သို့သော် မြန်မာ့အင်္ဂတေ၏ ထူးခြားမှုမှာ အင်္ဂတေအား အုတ်လွှာများနှင့် ကောင်းစွာ တွဲကပ်စေရန်အတွက် ကျွဲကော်ရည်၊ အုံတုံခေါက်ပြုတ်ရည်၊ တင်လဲရည်၊ ဥသျှစ်စေး… အစရှိသော Organic Glue များနှင့် ကောင်းစွာ သမအောင်ရောစပ်ပြီး အသုံးပြုခဲ့ကြသည်။

ထုံးတစ်တင်းနှင့် သဲတစ်တင်းမှာ အခြေခံဖြစ်ပြီး အပိုထည့်သွင်းသော Additive များကို သံပေါက်စပ်၍ မှတ်သားခဲ့ကြသည်။ဒါကတော့ရှေးမြန်မာတို့ရဲ့ စေတီပုထိုးဘုရားကျောင်းကန်တွေကို တည်ထား ဆောက်လုပ်တဲ့အခါ အဓိကသုံးရမဲ့ အင်္ဂတေကို မြန်မာ့နည်း မြန်မာ့ဟန်နဲ့ တီထွင်ကြံဆလုပ်ခဲ့ကြတဲ့ ပြုလုပ်ပုံ သမိုင်းအကျဉ်းလေးဖြစ်ပါတယ်။အခြားပြုလုပ်ပုံ တည်ဆောက်ပုံတွေလည်း ရှိနိုင်သေးပေမဲ့ လေ့လာမိသလောက် ဗဟုသုတရစေရန်အလို့ငှာ ဖော်ပြပေးလိုက်ပါတယ်။မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ဗဟုသုတအဖြစ် ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။
Crd


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *