အနုပညာဘက်မှာဘက်စုံတော်တဲ့အပြင် ဖက်ရှင်လောကကိုပါလွှမ်းမိုးနိုင်ခဲ့တဲ့ တင့်တင့်ထွန်း (ဝါ) ဒေါ်နန္ဒမာလာ

အနုပညာဘက်မှာဘက်စုံတော်တဲ့အပြင် ဖက်ရှင်လောကကိုပါလွှမ်းမိုးနိုင်ခဲ့တဲ့ တင့်တင့်ထွန်း (ဝါ) ဒေါ်နန္ဒမာလာ

အနုပညာလောကမှာ ဂီတနဲ့ရုပ်ရှင်နယ်ပယ် နှစ်ခုစလုံးတွင် အောင်မြင်မှုများစွာရရှိခဲ့တဲ့ အနုပညာရှင်တွေထဲမှာ အဆိုတော်သရုပ်ဆောင် တင့်တင့်ထွန်း ကတော့ တစ်ခေတ်ဆန်းသစ်ခဲ့သူပဲဖြစ်ပါတယ်။အနုပညာမှာဘက်စုံတော်တဲ့အပြင် ဖက်ရှင်လောကမှာပါလွှမ်းမိုးနိုင်ခဲ့သလို မြန်မာ့ဇာတ်သဘင်အငြိမ့်မှာလည်း အောင်မြင်ခဲ့တဲ့ စွယ်စုံရ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ဒီဘက်ခေတ် လူငယ်ပရိသတ်တွေက သူမကို ဖက်ရှင်စတိုင်လ်မိုက်မိုက်နဲ့ ခေတ်ဆန်တဲ့ အဆိုတော်မင်းသမီးတစ်ယောက်လို့ပဲ သိကြတာများလိမ့်မယ်လို့ ထင်ပါတယ်။ တင့်တင့်ထွန်းလို့ ဆိုလိုက်တာနဲ့ ပရိသတ်တွေအများစုကတော့ ဖက်ရှင်ဒီဇိုင်းတွေခပ်မိုက်မိုက်နဲ့ စင်ပေါ်မှာ မြူးကြွတဲ့သီချင်းတွေဆို ခန္ဓာကိုယ် တွန့်လိမ်ကောက်ကွေးခေတ်ပေါ်အကတွေနဲ့ တွဲဖက်ကပြဖျော်ဖြေသီဆိုလေ့ရှိတဲ့ အနောက်တိုင်းဆန်ဆန် ခေတ်ရှေးပြေး ဟော့ရှော့မင်းသမီးလို့ပဲ အားလုံးသိကြမှာပါ။ သူမ ကတော့ အနုပညာအလုပ်သဘောအရ အနောက်တိုင်းဆန်တဲ့ ခေတ်ရှေ့ပြေးဖက်ရှင်ဒီဇိုင်းတွေ ဝတ်ဆင်နေရပေမယ့်
အိမ်မှာနေရင် မြန်မာဆန်ဆန် နေထိုင်တတ်သူဖြစ်ပါတယ်။ တကယ့်တော့ အဆိုတော်သရုပ်ဆောင် တင့်တင့်ထွန်း ဟာ မြန်မာအက မြန်မာ့အငြိမ့်ဇာတ်သဘင် နဲ့ မြန်မာ့ရိုးရာယဉ်ကျေးမှုကို အင်မတန် ချစ်ခင်မြတ်နိုးတန်းဖိုးထားတဲ့

အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ဂီတစာဆိုတော်ကြီး နန်းတော်ရှေ့ ဆရာတင် ရေးစပ်ပြီး ဂန္ထဝင်အငြိမ့်မိခင်ကြီး လေဘာတီမမြရင် ရဲ့ သီချင်းဖြစ်တဲ့ ” အလှူ့ရှင် ” သီချင်းကို ထူးထူးခြားခြား ကိုယ်တိုင်သီဆိုကပြခဲ့တဲ့ ‌ရွှေမူဆယ် အငြိမ့်ခန်းလေးမှာ မြန်မာအကကို ကျွမ်းကျင်ပိုင်နိုင်စွာနဲ့ ပရိသတ်တွေကို ကပြဖျော်ဖြေခဲ့ပါတယ်။ ဒါအပြင် နာမည်ကြီး ဟာသလူရွှင်တော်တွေဖြစ်ကြတဲ့ မော့စ်၊ မိုးဒီ၊ စိန်ရိုး တို့ပါဝင်ထားပြီး တင့်တင့်အငြိမ့်၊ သရဝဏ်ခေတ်ဆန်းအငြိမ့်အပြင် မင်းသမီးလိုတစ်မျိုး ဇာတ်မင်းသားမျိုးတစ်ဖုံ သီဆိုကပြခဲ့တဲ့ “တင့်တင့်တို့ဇာတ်ခုံပေါ်မှာ” အပိုင်း(၁+၂) တို့ကို ရိုက်ကူးခဲ့ပါတယ်။ မြန်မာအကကိုငယ်ငယ်လေးကတည်းက အခြေခံကျကျ သင်ကြားခဲ့တာမဟုတ်ပေမယ့်လည်း အငြိမ့်ကပြဖျော်ဖြေသီဆိုရာမှာ ပြီးစလွယ်ဆိုဆိုသွား၊ ကသွားတာမျိုးမဟုတ်ဘဲ အငြိမ့်ကိုတန်ဖိုးထား ကပြခဲ့တာပါနော်။ဘက်စုံတော်တဲ့ အနုပညာရှင်တစ်ယောက်လို့ ခေါ်ရလောက်တဲ့ အဆိုတော်သရုပ်ဆောင် တင့်တင့်ထွန်း ဟာ ၁၉၈၀ ခုနှစ်ဝန်းကျင်က ကျောင်းကပွဲမှာ တေးသရုပ်ဖော်ကပြရင်းအနုပညာလောကထဲကို စတင်ခြေချခဲ့ပါတယ်။ အဲ့ဒီနောက် ၁၉၈၂ ခုနှစ်မှာ ဝိုင်အမ်စီအေ လှယဉ်ကျေးမယ်ဖြစ်ခဲ့ပြီး ပထမဆုံး စင်ပေါ်တက် သီချင်းသီဆိုဖျော်ဖြေခဲ့ကာ ၁၉၈၄ ခုနှစ်မှာ

ဗဟန်းမြို့နယ်လှယဉ်ကျေးမယ်ထပ်ဖြစ်ခဲ့ပြန်ပါတယ်။ ၁၉၈၂ ခုနှစ်ကနေ ၁၉၈၇ ခုနှစ်အထိ ရန်ကုန်တက္ကသိုလ်မှာ ရုက္ခဗေဒဘာသာ အဓိက နဲ့ တက်ရောက်ခဲ့ပြီး ရုက္ခဗေဒ အလှဘုရင်မဖြစ်ခဲ့ပြီးနောက်ဂီတ နဲ့ ရုပ်ရှင် လောကထဲကို လုံးဝ အပြီးအပိုင် ဝင်ရောက်လာခဲ့ပါတယ်။ဂီတလောကထဲကို ဝင်ရောက်ခဲ့ရာမှာ ပွဲဦးထွက်တေးစီးရီးခွေအဖြစ် ၁၉၈၉ ခုနှစ်မှာ နမ်းမှာလား၊ ၁၉၉၄ ခုနှစ်မှာ လိုတရ တေးစီးရီး၊ ၁၉၉၆ ခုနှစ်မှာ ရွှေအိမ်မက်၊ ၁၉၉၇ ခုနှစ်မှာ ဒါလေးများ၊ ၁၉၉၈ ခုနှစ်မှာ ပုံလာလာပြောတိုင်းယုံ၊ ၂၀၀၀ပြည့်နှစ်မှာ ရေလှိုင်း၊ ၂၀၀၂ ခုနှစ်မှာ ကြင်နာချင်လွန်းလို့၊ နမ်းမှာလား ၂၄နာရီတင့်တင့်ထွန်းဖက်ရှင် နဲ့ တင့်တင့်ထွန်းတစ်ကိုယ်တော် Live Show သီချင်းခွေများကို အနုပညာသက်တမ်းတစ်လျှောက် ဂီတသက်တမ်း ၁၅ နှစ်ကျော်မှာ ထွက်ရှိခဲ့တာဖြစ်ပါတယ်။ ဂီတလောကမှာ

အောင်မြင်ခဲ့သလို မြန်မာ့ရုပ်ရှင်လောကမှာလည်း ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို နာမည်ကျော်ထိပ်တန်းမင်းသားတွေဖြစ်တဲ့ ကျော်ဟိန်း၊ စိုးသူ၊ ရန်အောင် ရဲအောင်၊ ကျော်ရဲအောင် ဒွေး၊ လွင်မိုး စတဲ့အနုပညာရှင်တွေနဲ့ ရုပ်ရှင်ဗီဒီယိုဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့ပါတယ်။ ဦးကျော်ဟိန်းကိုယ်တိုင် ဒါရိုက်တာလုပ်ရိုက်ခဲ့တဲ့ ဒုက္ခကို အရောင်ဆိုးထားတယ်၊ ကျော်ဟိန်း၊ ခွန်းဆင့်နေခြည်တို့နဲ့တွဲဖက်ပြီးပါဝင်သရုပ်ဆောင်ခဲ့တဲ့ မြေကြီးကို အားနာတယ်၊ ဒွေးနဲ့တွဲဖက်ရိုက်ကူးခဲ့တဲ့ မျက်နှာဖုံးအောက်က မျက်နှာ၊ ကိုးထဲက တစ်၊ ပုခက်ပေါ်က လရိပ်၊ ဒါရိုက်တာခင်မောင်ဦး၊ စိုးသိမ်းထွဋ် ရိုက်ကူးခဲ့တဲ့လေညာကဗေဒါမ၊ မိုးဟေကို၊ သင်ဇာဝင့်ကျော်တို့နဲ့ အတူတွဲဖက်သရုပ်ဆောင်ထားပြီး ကိုယ်တိုင်းဇာတ်လမ်းဇာတ်ညွှန်းနှင့်ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့တဲ့ နတ်မိမယ်လေးများဇာတ်ကား စတဲ့ရုပ်ရှင်ဇာတ်ကားများစွာ ပရိသတ်အကြိုက်ဆုံး ဇာတ်ကားများဖြစ်ပါတယ်။ ရုပ်ရှင်သက်တမ်းတစ်လျှောက်မှာ နာမည်ကျော်စူပါစတားမင်းသားဒွေးနဲ့ ပိုမိုတွဲဖက်ရိုက်ကူးမှုများပြားခဲ့ပြီးမိသားစုချစ်ခြင်းမေတ္တာဖွဲ့ဇာတ်ကားများ၊ ရို့မန့်အချစ်ဇာတ်ကားများ၊ အချစ်ဇာတ်ကြမ်းအက်ရှင်ဇာတ်ကားများစွာ နဲ့ အချစ်အက်ရှင်ဒရာမာ ရုပ်ရှင်ဇာတ်ကားများစွာကို ပါဝင်ရိုက်ကူးခဲ့တဲ့

သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်ခဲ့ပေမယ့်လည်း သရုပ်ဆောင်အနုပညာရှင်တိုင်းရဲ့ အနုပညာမှတ်တိုင်းတစ်ခုဖြစ်တဲ့ အကယ်ဒမီဆုကိုတော့ အနုပညာလောကကနေ ထွက်ခွာသွားတဲ့လက်ရှိအချိန်အထိ မရရှိသေးတာ ဝမ်းနည်းစရာကောင်းပါတယ်။ လက်ရှိအချိန်မှာတော့ အနုပညာလောကကနေ အနားယူသွားခဲ့တာ ဆယ်စုနှစ်များစွာကြာခဲ့ပြီးဖြစ်သလို အနုပညာအလုပ်တွေကို စွန့်လွှတ် သာသနာ့ဘောင်ထဲကို
ဝင်ရောက်နေတာလည်း ဆယ်စုနှစ်ကျော်ရှိခဲ့ပြီးဖြစ်တဲ့ ဆရာလေး ဒေါ်နန္ဒမာလာ (တင့်တင့်ထွန်း ) ဆိုတာ တစ်ချိန်က အနုပညာလောကမှာ ပရိသတ်တွေများစွာချစ်ခင်အားပေးမှုများနဲ့ အောင်မြင်ကျော်ကြားလူကြိုက်များတဲ့ ရုပ်ရှင်ဂီတသဘင် စွယ်စုံရ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါကြောင်းလေ့လာသိရှိရသလောက် လေးစားစွာဂုဏ်ပြုမှတ်တမ်းတင် ရေးသားတင်ဆက်ပေးလိုက်ပါတယ်နော်။ ခရက်ဒစ်


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *